ပေါင်းတည်၌ ၂၀၂၄-၂‌၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီး

ပေါင်းတည် ဖေဖော်ဝါရီ ၂၈

မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေရန်နှင့် ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်လာရေး ရည်ရွယ်ချက်များဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ၌ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာအ‌ခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးလုပ်ငန်း၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုထောက်ပံ့ခြင်းလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစသည့် ကဏ္ဍကြီးခြောက်ရပ်နှင့်အညီ လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပေါင်းတည်မြို့နယ်ရှိ ခရာပေါက်ကျေးရွာ ကုန်ထုတ်လမ်းအား ၃၉ ဒဿမ ၆၈၉ ကျပ်သန်းအကုန်အကျခံ ဖောက်လုပ်‌‌ပေးခဲ့ပြီး ဥတို၊ ဗျက်ကြီးကျေးရွာတို့၌ စက်ရေတွင်း၊ စင်မြင့်ရေစင်နှင့် ပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ၆၅ ဒဿမ ၃၇၁ ကျပ်သန်း အကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေမှ ငွေကျပ် ၁၃၅ သန်း အကုန်ကျခံကာ ကျေးရွာ ၉ ရွာ၌ ကွန်ကရိလမ်းနှင့်မြေနီကျောက်စရစ်လမ်းခင်းခြင်း၊ ရေသန့်စင်စက်တပ်ဆင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြရာ ယခုဘဏ္ဍာနှစ်တွင် စုစုပေါင်းကျေးရွာ ၁၂ ရွာအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေသား(IPRD)