ကြို့ပင်ကောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ကြို့ပင်ကောက် ဖေဖေါ်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောရာသီ စတင်ရောက်ရှိလာ၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကုန်းမြင့်ကျေးရွာတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် မြို့ပေါ် ၁၀ ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသက်ဦးစီးမှူး ဦးမင်းနိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၅ ဦး ၊ အရန်မီးသတ် ၅ ဦးတို့က ကုန်းမြင့်‌ကျေးရွာရှိ အိမ်ခြေ ၁၅၆ အိမ်၏ ထမင်းဟင်းချက်သည့် မီးဖိုများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှု၊ သတ်မှတ်ထားသည့် အချိန်အတွင်း မီးသုံးစွဲရေး၊ အိမ်တိုင်း မီးချိတ် မီးကတ်၊ ရေပုံး သဲပုံများအဆင်သင့် ပြုလုပ်ထားရှိမှုများနှင့် မီးသုံးစွဲရန်လိုအပ်သော စီးပွားရေးလုပ်ငန်းများတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သုံးစွဲရေးတို့ကိုစစ်ဆေး၍ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ပြီး ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်က ပြောသည်။

ကြို့ပင်ကောက်မြို့အတွင်း ယခုနှစ် ပွင့်လင်းရာသီရောက်ချိန်အထိ မီးလန့်မှု မီးလောင်မှုများ လုံးဝမရှိခဲ့သေးကြာင်း အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)