ညောင်လေးပင် ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့ငွေများပေးမည်ဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေးနှင့် စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေးတို့အတွက် ဆောင်ရွက်ရန်လိုကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များမှ တာဝန်ကျသော ရပ်ကွက်ကျေးရွာများအလိုက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ ရပ်ကွက် ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုဇယားနှင့်အညီ တစ်အိမ်ထောင်လျှင် လူတစ်ဦးချင်းအလိုက် ငွေ (၂၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် NGO အဖွဲ့အစည်းမှ အကြီးအကဲများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)