ကဝ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးနိုင်က ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများပေးခြင်းဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေးနှင့် စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေးတို့အတွက် ဆောင်ရွက်ထားပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးနိုင်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ (၉၆) ဦးအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)၊ ဆန် (၂) ပြည်နှင့် ဆီ (၅၀) ကျပ်သား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်းပညာသင်တန်းများလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)