ဂန့်ဂေါ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒေါ်သင်းသင်းအေး(ဌာနခွဲစာရေး)က မြို့မဈေးကြီးတည်ရှိပုံ၊ မီးသတ်ရေကန်များ၊ ရေငုတ်များနှင့် မီးသတ်ရေပိုက်များ သွယ်တန်းထားရှိမှုနှင့် အရေးပေါ်အသုံးပြုနိုင်ရေး ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်က မြို့မဈေးဧရိယာအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးငြှိမ်းသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန်၊ ဈေးအတွင်းမီးသတ်ရေကန်များမှ ရေဖြင့် မီးငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိရန်တို့ကို ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့နောက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်ဦးဆောင်သည့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းကာ မီးသတ်ဦးစီးဌာန၏ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးတို့ဖြင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်၍ ဈေးအတွင်းရှိ ရေဂါလံ (၄၆၀၀)ဆံ့ အမြင့်တင်ရေစင် (၂)စင်၊ ရေဂါလံ (၁၆၀၀)(၁၀၀၀)(၅၀၀)ဆံ့ ရေကန် (၃)ခုနှင့် မီးသတ်ရေငုတ် (၆)ခုတို့မှ ရေပက်ဖျန်းနိုင်မှုများကို စစ်ဆေးကာ မြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများနှင့် စားသောက်ဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းပမာဏနှင့် ထားရှိသည့် မီးသတ်ဆေးဘူးပမာဏ ကိုက်ညီမှု ရှိ/မရှိ၊ မီးလောင်စေနိုင်သည့် ကုန်ပစ္စည်းများ မြောက်များစွာ သိုလှောင်ထားခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူး အသုံးပြုရမည့်နည်းလမ်းများ၊ လုံခြုံရေးမီးနှင့် အပြင်ဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ညွှန်ကြားချက်နှင့်အညီ ခံနိုင်ဝန်အားပမာဏကို သုံးစွဲထားမှုရှိ/မရှိ၊ ဆိုလာမီးအသုံးပြုသည့် ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးတို့ကို စစ်ဆေးခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်ဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်၊ မြို့နယ်လျှပ်စစ်ရုံးမှ လိုင်းတာဝန်ခံ ဦးဖြိုးဝေအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးကြင်ဆွေ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးအေးတင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)