မင်းဘူး(စကု)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်း ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။  

ဆက်လက်၍ ခရိုင်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် အမှတ် (၁) ရပ်ကွက်တွင် ၁၄၃ ဦး၊ အမှတ် (၂) ရပ်ကွက်တွင် ၈၄ ဦး၊ အမှတ် (၃) ရပ်ကွက်တွင် ၉၉ ဦး၊ အမှတ် (၄) ရပ်ကွက်တွင် ၂၀၉ ဦး၊ ကန်ရေကျေးရွာအုပ်စုတွင် ၁၃ ဦး၊ ကျောက်တန်းကျေးရွာအုပ်စုတွင် ၅၅ ဦး၊ တောင်မန်းကျေးရွာအုပ်စုတွင် ၂၅ ဦး၊ ပေါက်ငူကျေးရွာအုပ်စုတွင် ၂၃ ဦး၊ ထောက်ရှာပင်ကျေးရွာအုပ်စုတွင် ၂၂ ဦး၊ မောင်းမကန်ကျေးရွာအုပ်စုတွင် ၂ ဦး၊ စိန်ခြည်လင်းကျောက်မီးသွေးတွင်းတွင် ၁၉ ဦးတို့ဖြစ်၍ စုစုပေါင်း ၆၉၄ ဦးတို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ် (၁၃,၈၈၀,၀၀၀)ကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများအား ငွေများပေးအပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)