ကဝ ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် တိုင်းအဆင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့များတို့က သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဦးဝင်းချွန်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများအား ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပြ)နှင့် (လှုပ်ရှား)(၅၀)ဦးတို့အားတွေ့ဆုံ၍ အခက်အခဲများမေးမြန်းကာ အားပေးစကားများပြောကြားပြီး ကြက်ဥနှင့် အသင့်စားခေါက်ဆွဲခြောက်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)