ထန်းတပင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအားအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်သီရိမင်္ဂလာခန်းမတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းများဖွင့်လှစ်ပေးမည့်အကြောင်းပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပျောက်ဆုံးသွားသော မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများရှိပါက သက်ဆိုင်ရာထောက်ခံစာများယူဆောင်လာ၍ အသစ်ပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ယာယီနေရပ်စွန့်ခွာပြည်သူ(၂၈၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း(၅၆၈၀၀၀၀)ကျပ်ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)