တောင်ငူ ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား တောင်ငူမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု(၆၃၄၄)စု၊ လူဦးရေ(၃၁၉၄၃)ဦးအတွက် တစ်လစာတစ်ဦးလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၆၃၈၈၆၀၀၀၀) ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)