ပဲခူး ဖေဖော်ဝါရီ ၂၅
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား လိုက်လံရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပဲခူးမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ လုပ်ငန်းတင်ဒါစနစ်ဖြင့် တင်ဒါအောင်မြင်သည့် အောင်ချမ်းမိုရ်ကုမ္ပဏီမှ ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းအား ကွန်ကရစ်လုပ်ငန်း ပြီးစီးသွားပါက ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အခက်အခဲမရှိ သွားလာအသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ကျေးရွာများရှိ လယ်ယာမြေများမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကိုလည်း ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)