ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်း ၁၅၂၉၂ ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော နှမ်းသီးနှံ ၁၅၂၉၂ ဧက ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဆောင်းနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် နှမ်းစိုက်ဧက ၁၅၂၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ နှမ်းစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်ကစပြီး ရိတ်သိမ်းခဲ့ရာ ဇန်နဝါရီလ ဒုတိယပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ကြောင်း သိရသည်။

"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်တွင်း စားသုံးဆီဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေရရှိဖို့အတွက် ရည်ရွယ်ပြီး ဆောင်းနှမ်း ၁၂၁၄၂ လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၁၅၂၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီဆောင်းနှမ်းစိုက်ခင်းတွေကို ဒေသခံတောင်သူတွေက နွေသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်လောက်ကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ဒုတိယပတ်မှာ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးခဲ့ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို နှမ်း ၈ ဒသမ ၆၅ တင်း ထွက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။ 

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်ပျိုးတောင်သူများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားရောဂါအန္တရာယ်ကင်းရှင်းရေး၊ GAP စိုက်နည်းစနစ်နှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ သီးနှံအချိန်မီရိတ်သိမ်းနည်းပညာများနှင့် ရိတ်သိမ်းပြီးသီးနှံများ စနစ်တကျ ထားသိုထိန်းသိမ်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

နှမ်းသီးနှံကို တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးဆီဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် နှမ်းသီးနှံကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)