မြို့သစ် ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အမျှဌာနဆိုင်ရာရုံးများ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်လျှပ်စစ်ဓါတ်အား ခွဲရုံဝန်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အသိပညာပေးပြောကြားရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးဝေလင်းကျော်က အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)