တောင်ငူမြို့နယ်၌ Siphon (ဆိုင်ဖွန်) သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ နွေစပါးစိုက်ဧကများသို့ ရေတင်ခြင်းကွင်းသရုပ်ပြသ

တောင်ငူ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ဒေသခံတောင်သူလယ်သမားများ ရေကိုနည်းလမ်းမျိုးစုံဖြင့် အကုန်အကျသက်သာအကျိုးရှိစွာ ရရှိနိုင်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  Siphon (ဆိုင်ဖွန်)  သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ နွေစပါးစိုက်ဧကများသို့ ရေတင်ခြင်းကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆင်ဆိပ်ကျေးရွာအုပ်စု၊ မြင်းစာခွက်ကျေးရွာ၊ ခပေါင်းဆည်၊ လက်တံမြောင်း ၁ (က)၊ ကွင်းအမှတ် (၅၆၁) (ခ) ကံပေါက်ကြီးကျေးရွာအရှေ့ကွင်း၊ မြင်းစာခွက်ကျေးရွာနေ၊ တောင်သူ ဦးညွန့်၏ လယ်ယာမြေတွင် ကွင်းသရုပ်ပြသသည်။

ထိုသို့ကွင်းသရုပ်ပြသရာသို့ တောင်ငူခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) (တောင်ငူ) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံတောင်သူများ လာရောက်ကြည့်ရှုအားပေးသည်။

Siphon (ဆိုင်ဖွန်) သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ စိုက်ပျိုးမြေများသို့ ရေတင်ခြင်းသည် မြင့်သောနေရာမှ နိမ့်သောနေရာသို့ ပြွန်ဖြင့်စီးဆင်းစေသော ကိရိယာ (သို့မဟုတ်) နည်းလမ်းကို အသုံးပြု၍ လေထုဖိအားနှင့် ဆွဲအားကြောင့် အရည်သည် ပြွန်အတွင်းမှ တစ်ဆင့် အလိုအလျောက်စီးဆင်းသွားခြင်းဖြစ်ပြီး ရေကို ငွေကြေးအကုန်အကျသက်သာ အကျိုးရှိစွာ ရရှိစေနိုင်သော နည်းလမ်းတစ်ခုဖြစ်သောကြောင့် စပါးအပါအဝင် ဟင်းသီးဟင်းရွက်စိုက် တောင်သူများနှင့် အခြားသီးနှံစိုက်ပျိုးသည့် တောင်သူလယ်သမားကြီးများ အသုံးပြုပါက အကျိုးများစွာဖြစ်ထွန်းစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)