ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

ပြည် ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့  ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုင်းရင်းသားပြည်သူတို့၏ မြို့ရွာဒေသအချို့၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပြီး ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အလမ်းများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ထိခိုက်နစ်နာခဲ့သည့် ပြည်သူလူထုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် လစဉ် ငွေကျပ် နှစ်သောင်းနှုန်းစီ ထောက်ပံ့ချီးမြှင့်ရန် လမ်းညွှန်မှာကြားချက်အရ ယခုလိုချီးမြှင့်‌ပေးအပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိခိုက်နစ်နာခဲ့သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခြင်းသည် နိုင်ငံတော်အစိုးရ၏ စေတနာပင်ဖြစ်ကာ အကြမ်းဖက်မှုဖြစ်စဉ်များ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် ပြည်သူများအနေဖြင့် အစိုးရ၊ တပ်မတော်၊ ရဲတပ်ဖွဲ့တို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင် တိုက်ဖျက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်နေရာများမှ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူ စုစုပေါင်း (၄၈၆၅) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းနှုန်းစီဖြင့် တစ်လစာချီးမြှင့်ငွေကျပ်(၉၇၃)သိန်းကို သက်ဆိုင်ရာခရိုင် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)