ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ

သာယာဝတီ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက်  သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        

တွေ့ဆုံပွဲတွင် ဦးမျိုးလှိုင်မှ မဲစာရင်းမှန်ကန်တိကျစေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး အလေးထားဆောင်ရွက်သွားကြရန်၊ နိုင်ငံရေးပါတီများနှင့် ပါတီဝင်များစာရင်းအား တိကျစွာ စာရင်းပြုစုထားရှိရန်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား သင်တန်းများဖွင့်လှစ်ပေးမည့်အခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်အေးအေးမော်မှ ခရိုင်အတွင်း မဲစာရင်းကောက်ယူထားရှိမှုအခြေအနေ၊ မဲရုံအရေအတွက်၊ မဲပုံးများ ထားရှိဆောင်ရွက်မည့်အခြေအနေတို့အားလည်းကောင်း၊ ဦးဝင်းမြတ်ထွဋ်မှ ခရိုင်အတွင်း လူဦးရေစာရင်းကောက်ယူထားရှိမှုအခြေအနေများအားလည်းကောင်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ ဦးမျိုးလှိုင်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အေးအေးမော်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်နှင့် ဌာနဆိုင်ရာများ၊ စုစုပေါင်း (၃၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)