အထက်မင်းလှ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ပန်းတော်ပြင်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)ခုနှစ် ဥပဒေပုဒ်မ ၁၀၁(ခ)၊ ဥပဒေပုဒ်မ (၁၀၃)(ခ)(၁)နှင့် ဥပဒေပုဒ်မ (၁၀၃) စသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရည်မှန်းချက် (၆)ရပ်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)