ပေါက်ခေါင်း ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးမည့် အခြေခံပညာအထက်တန်းကျောင်းတို့တွင်ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြေဆိုနိုင်နိုင်စေရန် မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါစာသင်ကျောင်းများသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးအေးကျော်ဇင်ထွန်း ဦးဆောင်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက အ.ထ.က(ပေါက်ခေါင်း)နှင့် အ.ထ.က(အိုးဘိုကုန်း) စာသင်ကျောင်းဆောင်များ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းရေးနှင့်လျှပ်စစ်ဝါယာလျှော့မဖြစ်ပွားစေရန် စနစ်တကျသွယ်တန်းထားရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးသတ်ဆေးဘူးများအရန်သင့် ချိတ်ဆွဲထားရှိရေး၊ ရေကန်များတွင်ရေများအရန်သင့်ဖြည့်တင်းထားရှိရေးနှင့် အမှိုက်သရိုက်များရှင်းလင်းထားရှိရန်တို့ကိုမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကင်ဝေးစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)