မင်းဘူး ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အ.ထ.က(ခွဲ)မောင်းမကန်ကျောင်းနှင့် အ.ထ.က(ခွဲ)ရေတွင်းကုန်းကျောင်းများ၌ ကျင်းပခဲ့သည်။
ဦးစွာ မောင်းမကန် အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်၊ ပညာရှိစွာဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်ခင်ပြည့်လင်းက အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် အားကစား၏အခန်းကဏ္ဍများကို ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ မောင်းမကန် အ.ထ.က(ခွဲ)ကျောင်းနှင့် ရေတွင်းကုန်း အ.ထ.က(ခွဲ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၂၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)