ကံမ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မင်းတဲကျေးရွာအုပ်စုမှ တောင်သူ(၁၁၁)ဦးတို့၏ စိုက်ဧက(၃၁၁)ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။
ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း (၅,၅၀၀) သိန်း ထုတ်ချေးပေးရန်လျာထားပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်အစရှိသည့် စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်း ယနေ့အထိ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ တောင်သူ(၁၆၀၇)ဦး၏ စိုက်ဧက(၅၉၉၄)ဧကအတွက် ငွေကျပ်(၅၉၉၄)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသောကျေးရွာအုပ်စုတို့မှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)