ရွှေဘို ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ နွေရာသီအပူချိန်မြင့်တက်လာသည်နှင့်အမျှ မော်တော်ယာဥ်များ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပါကလည်း လက်ဦးမှုရယူငြှိမ်းသတ်နိုင်ရေးအတွက် သတိပြုရမည့် အချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများနှင့် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးပေါ်တွင် သွားလာနေသော ခရီးသည်တင်ယာဥ်များ၊ စက်သုံးဆီတင် ယာဥ်ကြီးများ၊ အိမ်စီးကိုယ်ပိုင်ယာဥ်များတွင် မီးသတ်ဆေဘူးပါရှိခြင်းရှိ မရှိ ပါရှိသော မီးသတ်ဆေးဘူးများတွင် လေပေါင် ရှိ မရှိ စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ ငြှိမ်းသတ်နည်းနှင့် ထားရှိရမည့်နေရာများအား ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီတွင် အပူချိန်မြင့်တက်လာခြင်းတို့ကြောင့် မီးဘေးအန္တရာယ်မဖြစ်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နေကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)