ဟုမ္မလင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

ဟုမ္မလင်း ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ၂၀၂၅-ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက၊ ဟုမ္မလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ၊ ဒေါ်နန်းမဉ္ဇူအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ၊ ဟုမ္မလင်းမြို့ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီ၊ ပြိုင်ပွဲတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကခင်းကျင်ပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာ‌စောင်များ၊ ဟုမ္မလင်း ဒေသရှမ်းနီတိုင်းရင်းသားများ၏ ရိုးရာအသုံးအ‌ဆောင်ပစ္စည်းများအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)