ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းဝန်ထမ်းအိမ်ရာ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပပြုလုပ်

ရေတာရှည် ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ဘိုးတော်ကုန်းဝန်ထမ်းအိမ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘိုးတော်ကုန်းဝန်ထမ်းအိမ်ရာ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မီးသတ်ဦးစီးနှင့်တပ်ဖွဲ့ဝင်များက မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှု ရှိ/မရှိကို လိုက်လံစစ်ဆေးပြီး မီးဘေးအန္တရာယ်နှင့်ပတ်သက်သည်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြုခြင်း၊ မီးလောင်မှုဖြစ်ပေါ်လာလျှင် မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးဘေးကြောင့် ထိခိုက်မိသူများအား အရေးပေါ်ကုသမှုပြုလုပ်ခြင်း၊ အရေးပေါ်ယာဉ်ဖြင့်စနစ်တကျသယ်ယူခြင်းတို့ကို သရုပ်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းအသိပညာများကိုရရှိခဲ့ပြီး မီးဘေးအန္တရာယ်ဆိုင်ရာသရုပ်ပြမှုများကို စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)