ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို ဆရာတော်သံဃာ့တော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သဘာပတိ ဆရာတော်မှ သံဃာ့အဖွဲ့အစည်း ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး သြဝါဒကထာကို မိန့်ကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

အဆိုပါ သံဃာ့ဝန်ဆောင် ဆရာတော်ရွေးချယ်ခြင်းနှင့် ပတ်သက်၍သဘာပတိဆရာတော်မှ အနားယူသော ဆရာတော်ဘွဲ့အမည်များကိုကြေညာခဲ့ပြီး ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ် သံဃာ့ဝန်ဆောင် ဆရာတော်များအား ဖိတ်ခေါ်ခဲ့ပြီး ထောက်ခံမည့် သံဃာ့ဝန်ဆောင်ဆရာတော်များအား ပင့်ဖိတ်ခဲ့ပါသည်။ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ် သံဃာ့နာယက ဆရာတော်ဘွဲ့အမည်များကို အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ် ခေါ်ဆို၍အတည်ပြုပေးပါရန် သံဃာ့နာယက အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ သဘာပတိဆရာတော်က သြဝါဒမိန့်ကြားရာ သာသနာရေးဆိုင်ရာ ဥပဒေအရ ပြန်လည်ရွေးချယ်တင်မြောက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးမြို့နယ် သံဃာ့ဝန်ဆောင် တာဝန်ကို ထမ်းဆောင်မည့် ဆရာတော်(၉)ပါးတို့အား ရွေးချယ်တင်မြောက်ပြီး ဗုဒ္ဓသာသ နံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)