ဇီးကုန်းမြို့နယ်၌ သက်ကြီးဘိုးဘွား ၅၂၅ ဦးအား လူမှုရေးပင်စင်များ ပေးအပ်လျက်ရှိ

ဇီးကုန်း ဇန်နဝါရီ ၃၁

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးပုဂ္ဂိုလ်နှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးခြင်းအပါအဝင် အဓိကလုပ်ငန်းကြီး(၇)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လူမှုရေးပင်စင်ပေးအပ်ခြင်းအစီအစဉ်အရ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ပေးအပ်သည့် အစီအစဉ်(Social Pension-SP)ကို မြန်မာ့စီးပွားရေးဘဏ်၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထုတ်ပေးလျက်ရှိသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် ယခင်က သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ပေးအပ်ခဲ့ရာမှ ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တို့ရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် အကျိုးခံစားခွင့်ရှိသူများ ကိုယ်တိုင်(သို့မဟုတ်)၎င်းတို့၏ ကိုယ်စားလှယ်များမှ လိုအပ်သည့်အထောက်အထား (မှတ်ပုံတင်၊ စမတ်ကတ်စသည်)ယူဆောင်၍ သွားရောက်ထုတ်ယူနိုင်သည့် စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမျာက ကြီးကြပ်စိစစ်၍ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား(၅၂၅)ဦးအား တစ်ဦးအတွက် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၂၀၂၄ ခု၊ ဧပြီလမှဒီဇင်ဘာလအထိ) ကိုးလစာ ကိုးသောင်းကျပ်ကို (၁၃- ၁ - ၂ဝ၂၅) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး၊ထုတ်ယူရန် ကျန်ရှိနေသည့် အကျိုးခံစားခွင့်ရှိသူများအနေဖြင့် ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်ကုန်အထိ သက်ဆိုင်ရာ မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်များတွင် သွားရောက်ထုတ်ယူနိုင်ပါကြောင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)