ကြံခင်း ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဟောပြောပွဲကို ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကျောင်းစျေးတန်းများနှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စားသုံးရန်မသင့်သော အစားအစာများနှင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းအား အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပြီး၊ Book Club အဖွဲ့ဝင် စာရေးဆရာ ရာဇာငယ် (ကနောင်)က စာဖတ်ကြစို့ ဒို့လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသိန်းစိုးက လူငယ်ဟူသည်ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောကြသည်။
ယင်းနောက် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်ဓာတ်ပုံစာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)