ဒေးဒရဲ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေး၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၄-၁-၂၀၂၄)ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ စာရေးဆရာ ဘိုမျိုး (ရွှေဘို) ရေးသားသည့် မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်းကဗျာနှင့် ဆရာလှထွဋ်ဦး၏ ကာတွန်းလက်ရာ စသည့်အကြောင်းအရာများပါဝင်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က အခမဲ့ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)