မြို့သစ် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်စေရန်အတွက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် လွတ်လပ်ရေးနေ့အကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များ၊ ရာသီဥတုပူပြင်းသည့် ယခုကာလတွင် ကျောင်းသား၊ကျောင်းသူများဆောင်ရန်၊ ရှောင်ရန်အချက်များသိရှိစေရန် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် မှတ်တမ်းဓာတ်ပုံများပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)