ငဖဲ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား/သူ (၄၃) ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးအကြောင်းအရာများ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင် ခြယ်ပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်၍ ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ တိုင်းရင်းသားရိုးရာပုံပြင်များ၊ ရွှေသွေး၊ တေဇ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးဂုဏ်ပြုကဗျာများနှင့် မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)