မုံရွာမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကျင်းပ

မုံရွာ၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူး ရုံးတို့ပူးပေါင်းပြီး ၂၀၂၅-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲများကိုကျင်းပပြုလုပ်ရာ မုံရွာမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူ (၈၀) ဦးတို့က အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ လွတ်လပ်ရေးနှင့် အနာဂတ်မြန်မာ ”၊ အထက်အဆင့်ကဗျာပြိုင်ပွဲတွင် “ လွတ်လပ်ရေးနှင့် သမိုင်းပေးတာဝန်” ၊ အထက်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် “ ဘိုးဘွားချစ်အမွေ အစဉ်ထိန်းစို့လေ ” စသည့်ခေါင်းစဉ်များဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ လွတ်လပ်ရေးကို ကာကွယ်စို့ ”၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် “ ထာဝစဉ်မမေ့အပ်တဲ့ ရာဇဝင်နေမြတ် ”၊ အလယ်တန်းဆင့်ပန်းချီပြိုင်ပွဲတွင် “ဘိုးဘွားအမွေနှင့် လူငယ့်တာဝန်” စသည့်ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ လွတ်လပ်ရေးနေ့တို့မမေ့”၊ မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် “ လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွဲ” စသည့်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရပြီးလာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူလေးများအား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံးမှ အမှတ်တရလက်ဆောင်များနှင့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)