နတ်မောက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း(အောင်ဆန်း)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ အလယ်တန်းအဆင့် ကျောင်းသား/သူစုစုပေါင်း (၂၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
လှဝင်း