ချောင်းသာ ဒီဇင်ဘာ ၂၆
ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ခရစ္စမတ်ကာလဖြစ်သည့် ယမန်နေ့က အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ စည်ကားများပြားကြောင်း သိရသည်။
“ခရီးသွားဧည့်သည်က နေ့စဥ်ပုံမှန်တော့မရှိပါဘူး၊ များတဲ့အခါများ၊ နည်းတဲ့အခါလည်း နည်းတာပေါ့၊ နေ့ကြီး၊ ရက်ကြီးတွေမျိုး၊ ခုလိုခရစ္စမတ်ပွဲတော်ကာလမျိုးတွေဆိုရင် လာပြီးအပမ်းဖြေလည်ပတ်သူ အရမ်းများပါတယ်၊ ဟိုတယ်၊ တည်းခိုခန်းတွေမှာ လာတည်းသူတွေ၊ ကြိုတင်စာရင်းပေးထားတာတွေ ရှိတယ်လို့ကြားရတယ်၊ နှစ်သစ်ကူးလည်းရှိနေတော့ ဒီရက်ကစပြီးတော့ အရင်ထက်လူစည်ကားလာတာ တွေ့ရတယ်ဟု” ကမ်းခြေတွင် စျေးရောင်းချသူ ဦးကိုကိုနိုင်ထံက သိရသည်။
ချောင်းသာကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်ရှည်မဟုတ်သည့် နေ့များတွင် လာရောက်လည်ပတ်အပန်းဖြေသူများ ရှိသော်လည်း နေ့ကြီးရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် ပိုမိုစည်ကားများပြားကြောင်း သိရသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်းသာယာလှပရန်၊ ကမ်းခြေတွင်စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင် အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)