မအူပင်မြို့နယ်၊ ရွာသစ်စုကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

မအူပင် ဒီဇင်ဘာလ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာ အုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးမှုအား မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးဆောင်၍ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး (လ/ထညွှန်ကြားရေးမှူး)နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ ကျေးရွာရပ်မိရပ်ဖများမှ ရွာသစ်စုကျေးရွာတွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားရန် ခရိုင်ဦးစီးမှူးမှ လမ်းညွှန်မှာကြားခဲ့သည်။

 အဆိုပါ ရွာသစ်စုကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း (၁၁၀၀’×၁၂’×၉’’) ဖြင့် မြေရောကျောက်စရစ်ခင်းခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၄.၇) သန်းဖြင့်ဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဒီဇင်ဘာလကုန်တွင်အပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ (၃) ရှိ အိမ်ခြေ ၄၁၄ အိမ်၊ လူဦးရေ ၁၅၃၆ ဦး၊ စိုက်ပျိုးမြေဧက ၅၈၀ ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)