ပွင့်ဖြူ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အေးချမ်းစွာသွားလာနိုင်ရေးအတွက် ယမန်နေ့က မြို့တွင်းလမ်းမီးတိုင်များတွင် သဘာဝဘေးဒဏ်ကြောင့် မီးမလင်းသည့် လျှပ်စစ်မီးသီးများကို ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများနှင့်ပူးပေါင်းပြီး မြို့ပြသာယာလှပရေးအတွက် မြို့ရှောင်လမ်းနှင့်မြို့တွင်းလမ်းများတွင် တပ်ဆင်ထားရှိသော လမ်းမီးတိုင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးဒဏ်ကြောင့် မီးမလင်းတော့သည့် လျှပ်စစ်မီးသီးများကိုဖြုတ်သိမ်းကာ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ဓာတ်အားလိုင်းထိန်းသိမ်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်အတွက် မြို့တွင်းရှိ ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်မီးသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)