ပန်းတောင်းမြို့နယ်အတွင်းရှိ စတိုးဆိုင်များအား E-cigarette(Vape)ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့်တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် E-cigarette(Vape) ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် E-cigarette(Vape) ရောင်းချနေကြောင်းတွေ့ရှိရသည့်ဆိုင်များအား နောက်နောင်မရောင်းချရန် ခံဝန်ရေးထိုးစေခြင်းနှင့် အီးစီးကရက်သောက်ခြင်းသည် အဆုတ်၏ ပုံမှန်စွမ်းဆောင်ရည်များကို ကျဆင်းစေခြင်း၊ သွားနှင့်သွားဖုံးကိုထိခိုက်စေခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်းတို့နှင့် ဆက်စပ်မှုရှိနေကြောင်းဆိုင်များအားလုံးအား အသိပညာပေးခဲ့ကြောင်း သိရသည်။

ယနေ့ခေတ်လူငယ်လူရွယ်များ၏ လည်တိုင်တွင် ချိတ်ဆွဲပြီးဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှုရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေကြသည်ဟုသိရသော E-cigarette and Vape သည် ဘေးထွက်ဆိုးကျိုးများရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)