ပုသိမ် ဒီဇင်ဘာ ၁၂
ပုသိမ်တက္ကသိုလ်နှင့် ဧရာသတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော (MSMEs) လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးညီလာခံမှ ထွက်ပေါ်လာသည့်ရလဒ်များအရ တိုင်းဒေသကြီးအနေဖြင့် ဒေသအကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်များ၊ လုပ်ငန်းရှင်များပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်ကုန်သုတေသနနှင့် ဈေးကွက်သုတေသနများဖြင့် ဒေသအကျိုးပြုသုတေသနများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသနစာတမ်းရှင်များက သက်ဆိုင်ရာဘာသာရပ်များ၊ နည်းပညာဆိုင်ရာများ၊ အခန်းကဏ္ဍများအလိုက် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ဒေသအတွက် အကျိုးရှိသည့် သုတေသနစာတမ်းများ များစွာထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်ပါက လူ့ဘောင်အဖွဲ့အစည်းအတွက်လည်း များစွာထောက်အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ကုန်(၂)ဆတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါး တင်းသိန်းပေါင်း ၄၀၀၀ ကျော်ထွက်ရှိပြီး ပြည်တွင်း ပြည်ပသို့ တင်ပို့လျက်ရှိသော်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်နေပါသေးကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်းများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းလုပ်ငန်းများ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ ပိုမိုထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနစာတမ်းများအား လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်အသုံးချနိုင်ရန် သုတေသနပြုလုပ်ပေးခဲ့သည့် သက်ဆိုင်သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများအနေဖြင့် အပြန်အလှန်ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က စာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)ဥက္ကဋ္ဌက အသင်း၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) ဥက္ကဋ္ဌတို့က ပုသိမ်တက္ကသိုလ် သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲကို ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့နယ်အတွင်းရှိ မြေဆီလွှာနှင့် ဆန်စပါးထွက်နှုန်းကို လေ့လာဆန်းစစ်ခြင်းခေါင်းစဉ်ဖြင့် ပထဝီဝင်ဌာန၊ ပါမောက္ခ ဒေါက်တာဇင်မေဦးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ တီကောင်မျိုးစိတ်များမှ တီကျစ်စာထုတ်လုပ်ပုံခေါင်းစဉ်ဖြင့် သတ္တဗေဒဌာနပါမောက္ခ ဒေါက်တာစိုးစိုးထွေးကလည်းကောင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ စပါးပင်တွင်ကျရောက်သောပိုးများကို လေ့လာခြင်းနှင့် Trichogramma japonicum နဂျီ (အကျိုးပြုပိုး)၏ အဝါရောင်ဆစ်ပိုး (ဖျက်ပိုး) ကို ထိန်းချုပ်နိုင်မှုအား လေ့လာခြင်းခေါင်းစဉ်ဖြင့် သတ္တဗေဒဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာနီလာသန်းကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်နှင့်ငါးပေါင်းစုမွေးမြူထားသော ငါးမွေးကန်များ၏ ငါးများတွင်ကျရောက်သော ကပ်ပါးကောင်များကို မျိုးခွဲရှာဖွေခြင်းနှင့် ထိုကပ်ပါးကောင်များကို ကာကွယ်ခြင်း၊ ကုသခြင်းနည်းလမ်းများကိုဖော်ထုတ်ခြင်းခေါင်းစဉ်ဖြင့် သတ္တဗေဒဌာန ပါမောက္ခ ဒေါက်တာလှဆန်းရီကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေချိုငါးမွေးမြူထုတ်လုပ်မှု၏ ဈေးကွက်ဖြန့်ဖြူးခြင်းကိုလေ့လာခြင်းခေါင်းစဉ်ဖြင့် စီးပွားရေးပညာဌာန၊ ကထိက ဒေါ်ခိုင်ဇာဝင်းကလည်းကောင်း၊ ငါးအကြေးခွံကို အသုံးပြု၍ လှပသော အသုံးအဆောင်ပစ္စည်းများဖန်တီးခြင်း ခေါင်းစဉ်ဖြင့် အဏ္ဏဝါသိပ္ပံဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာခင်မေချစ်မောင်ကလည်းကောင်း စာတမ်းဖတ်ကြားမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သုတေသနစာတမ်းရှင်များက သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး သုတေသန စာတမ်းများအား လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်အသုံးချနိုင်ရေး၊ MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး စာတမ်းဖတ်ပွဲသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ သတ္တဗေဒဌာနနှင့် အဏ္ဏဝါသိပ္ပံဌာနတို့မှ ပြသထားသည့် တီကောင်မြေဩဇာ၊ ငှက်ပျောနှင့် သစ်ရွက်ဆွေး တီကျစ်စာ၊ ငါးအကြေးခွံအသုံးပြု၍ လက်မှုဖြင့်ပြုလုပ်ဖန်တီးထားသော ဖန်စီပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)