ပွင့်ဖြူ ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ထူးချွန် ထက်မြက်စေရန်အတွက် ရည်ရွယ်ကျင်းပသည့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးရွာစာကြည့်တိုက်ကော်မတီအကျိုးတော်ဆောင် ဒေါ်မြမြထွေးက အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်သီတာဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်ကိုအသုံးချပြီး မိမိတို့လေ့လာဖတ်မှတ်ထားသော သုတရသစာအုပ်စာစောင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမှတ်တရပစ္စည်းများဖြင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာစာကြည့်တိုက်ကော်မတီဝင် ဦးသိန်းဦးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ချပြရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်လုပ်ငန်းကော်မတီများ ဦးဆောင်၍ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူလူငယ်များ စာပေအသိပညာဗဟုသုတကြွယ်ဝစေရန်၊ စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန်၊ ကျောင်းနေအရွယ်ကလေးများ စာကြည့်တိုက်လှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စားလာပြီး စာပေလေ့လာဖတ်ရှုခြင်းအပြင် စာကြည့်တိုက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်ကိုအကျိုးရှိရှိအသုံးချပြီး ရရှိလာသော စာပေအကျိုးကျေးဇူးများကို ကောင်းစွာသိရှိ နားလည်စေရန်၊ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာကြည့်တိုက်လုပ်ငန်းများတွင် အကျိုးပြုစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ စာဖတ်စွမ်းရည်ပြိုင်ပွဲအပါအဝင် ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)