ဖျာပုံမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ်(၂)ဖွင့်ပွဲ ကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းများမှ ဆရာ/ဆရာမများအား ဥပဒေအသိပညာများသိရှိနားလည်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများကို ပြန်လည်သင်ကြားပို့ချနိုင်စေရန်ရည်ရွယ်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဥ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပ​ပြုလုပ်သည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ်(၂)ဖွင့်ပွဲတွင် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ဥပဒေအရာရှိဒေါ်ဝေဝေဖြိုးက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့သော ငွေကျပ်(၁၀)သိန်းအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုကပေးအပ်ရာ ခရိုင်ပညာရေးမှူးဦးဝင်းအောင်က လက်ခံရယူသည်။

ဆက်လက်၍ ဖျာပုံခရိုင်ဥပဒေရုံးမှဥပဒေအရာရှိ(၆)ဦးတို့က ခရိုင်အတွင်းရှိ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အထက်တန်းအဆင့်၊ အထက်တန်းခွဲကျောင်းများမှ ဆရာ၊ ဆရာမ(၁၅၄)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများအား (၁၀)ရက်တိုင်တိုင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်