မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခြင်းနှင့် မန်းရွှေစက်တော်ဘုရားပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

မင်းဘူး ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မင်းဘူးခရိုင်၊ စကုမြို့နယ်မြေအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် စကုမြို့ အမှတ်(၁)ရပ်ကွက် ဘုရားအမှတ်(၂၅) ဆုတောင်းပြည့်ဘုရား ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသန(တာဝန်ခံ) တိုင်းဦးစီးမှူး ဒေါ်ညိုညိုသန်းနှင့် အငယ်တန်းအင်ဂျင်နီယာ(၂) ဦးစိုးပိုင်ထွန်းက လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ မိုးတွင်းကာလတွင် စကုမြို့ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်နှင့် စကုဈေးတို့အား ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်တတ်သဖြင့် အရှည် ၁၇၀၀ ပေ၊ အနက် ၅ ပေ၊ အကျယ် ၅ ပေရှိ တိုင်းဒေသကြီးဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ၁၆၇.၈ သန်းဖြင့် ဖောက်လုပ်နေသည့် ဇေယျာသီရိမြောင်းသို့‌ ရောက်ရှိကြပြီး၊ အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုက ရှင်းလင်းတင်ပြရာ ယင်းတင်ပြမှုများအပေါ်  လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် စကုမြို့၊ သမထီး၊ ဇကာနှင့် လက်ခုပ္ပင်ကျေးရွာများ၏ လယ်ယာစိုက်ခင်းများမှ ထွက်ရှိသောသီးနှံများကို ဈေးကွက်အတွင်း ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်ရန် ဆက်သွယ်ထားသော လမ်းအရှည် ၁/၀.၆၄ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်ရှိ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေ ၉၅ ဒသမ ၁၁၈ သန်းဖြင့် ဖောက်လုပ်ခဲ့ပြီး ရွာ (၄) ရွာနှင့် လယ် ၁၅၀၀၁၂ ဧက၊ ယာ ၅၀၀၁ ဧကအတွက် အကျိုးပြုဆောက်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်ထုတ်လမ်းအား ရေရှည်သွားလာအသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရဝန်ကြီးများအဖွဲ့သည် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က မန်းရွှေစက်တော်ဘုရား ကျင်းပနိုင်မည့် စီမံချက်များအားတင်ပြခြင်း၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးချမ်းငြိမ်းက မြေပြင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)