ကြံခင်းမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်မှ ရေဆင်းစပ်မျိုး(၁)နေကြာ ၅(ဧက) စံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်တွင် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ကွင်းအမှတ် ၁၅၊ ကွင်းအမည် အင်တိုင်းမြောက်၊ ဦးပိုင် ၃၆ တွင် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲကို တောင်သူ ဦးစိုးမြင့် လယ်မြေ၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားကို မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ဆောင်းနေကြာစိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် ၊ စိုက်ပျိုးနည်းစနစ်နှင့် သတ်မှတ်ဧကအထွက်တိုးပြီး ပြည့်မီအောင်စိုက်ပျိုးရန် ဟောပြောသည်။

ထို့နောက် မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ကြည်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ သမဝါယမဦးစီးဌာန၊ မြို့နယ်သမ ဝါယမအသင်းစုလီမိတက်တို့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁)နေကြာအား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)