မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံချေးငွေ ကျပ်သိန်း ၅၀၀ ကျော် ထုတ်ချေးပြီးစီး

မင်းဘူး ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့  နံနက်ပိုင်းအထိ ငွေကျပ် ၅၀၆,၀၀၀,၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ချေးပေးရာတွင် ယခင်နှစ် ချေးငွေအကြေပေးဆပ်သည့် တောင်သူများကိုသာ ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး ကျေးရွာအုပ်စု (၇) အုပ်စုမှ တောင်သူ (၉၆)ဦး၏ နေကြာ (၂၈၄) ဧက၊ ပဲလွန်း (၂၂၂) ဧကဖြစ်၍ ဆောင်းသီးနှံဧကပေါင်း (၅၀၆) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၅၀၆,၀၀၀,၀၀ သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ယခုနှစ် ဆောင်းသီးနှံချေးငွေကျပ် ၂၀၀,၀၀ဝ,၀၀၀ သိန်း ထုတ်ချေးပေးရန် လျာထားလျက်ရှိပြီး ထုတ်ချေးပေးရန် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူများထံမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)