ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး  နံရံကပ်စာစောင်ပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပွင့်ဖြူ  နိုဝင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ်အင်းဒေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင် ပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများ၊ မူးယစ် ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိကောင်းစရာများ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် လူငယ်များ ကြိုးစားရမည့် ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်သော ရှောင်ကြဉ်သတိပြုရမည့်အချက်များ ပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက် လေ့လာဖတ်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )