မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မကွေး နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာအလှူရှင်များ တက်ရောက်သည်။

ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မကွေးမြို့၊ သံဃာရာမကျောင်းတိုက်ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တစိန္တာသာရ(အဘိဓဇမဟာရဌဂုရု)ထံမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာအလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်း၊ ကထိန်အခြံအရံပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မကွေးမြို့၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များစုပေါင်းပြီး ကထိန်လျာသင်္ကန်း၊ ကထိန်အခြံအရံငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပွဲကို နှစ်စဉ် အစဉ်အလာမပျက် ဆင်နွှဲကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင်(၃၇)ကြိမ်မြောက်ရှိပြီဖြစ်ကာ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ပစ္စည်းတန်ဖိုးနှင့် အလှူငွေစုစုပေါင်းလှူဒါန်းငွေကျပ် ၉၁၉၁၃၆၀၀ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)