ပုသိမ် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုဒ္ဒသမအကြိမ်မြောက် စုပေါင်း မဟာ ဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တော်ကြီး၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့်ပုသိမ်လေတပ် စခန်းဌာနချုပ်မှတာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိရောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့်စပ်လျဉ်းသည့် အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန် ကျောင်းတိုက် တိုက်အုပ်တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တအရိယာအရှင်သူမြတ်ကမေး၍ (ကထိန ဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်မှ ဖြေကြားတော်မူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှထတော်မူကြသည့် သံဃာတော်များကိုယ်စား ညောင်ပင်သာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ(မဟာဂန္ထဝါစကပဏ္ဏိတ) အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့်ပဒေသာပင် (၈၂) ခုရှိပြီး ပစ္စည်းတန်ဖိုး (၁၈၀)သိန်းကျော်နှင့် ငွေသားတန်ဖိုး (၃၂၀)သိန်းကျော် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၅၀၀) ကို စုပေါင်းလှူဒါန်းခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်း၌ ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူတက်ရောက် အားပေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က Grade-12 Grade-11 တက်ရောက်နေတဲ့ကျောင်းသား၊ ကျောင်းသူများအား ဥပဒေပညာသင်ကြားပေးရေးနှင့် အခြေခံပညာကျောင်းများတွင် တစ်ပတ်လျှင် (၁)ချိန်နှုန်းဖြင့် စာသင်နှစ်တစ်နှစ်တွင်(၂၄)ချိန် ပို့ချနိုင်ရန်အတွက် ပုသိမ်ခရိုင်မှ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမ(၁၅၀)ဦးတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ မူယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေများကို သိရှိနားလည်စေရန် တိုင်း၊ ခရိုင် ဥပဒေအရာရှိ (၁၅)ဦးတို့မှ ပို့ချဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသော ဆရာ၊ ဆရာမများမှလည်း ဥပဒေအသိပညာဗဟုသုတများပို့ချဆွေးနွေးမှုများကို စိတ်ပါဝင်စားစွာလေ့လာသင်ယူပြီး မိမိတို့တာဝန်ထမ်းဆောင်ရာဒေသ၊ ကျောင်းအသီးသီးတွင် ဥပဒေပညာရပ်များကို ဆင့်ပွားသင်ကြားပေးကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ စုစုပေါင်း ကျောင်း (၈၈၀) မှ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမ(၈၈၀)ဦး ရှိရာ ပထမအကြိမ် အမှတ်စဉ်(၁) သင်တန်းတွင် ပုသိမ်ခရိုင်မှ ဆရာ၊ ဆရာမ (၁၅၀)ဦး သင်တန်းဖွင့်လှစ်ခဲ့ပြီး ကျန်(၇)ခရိုင်များမှ ဆရာ၊ ဆရာမ (၇၃၀)ဦးကို ဆက်လက် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်နိုင်ရန် ဥပဒေကိုလူတိုင်းသိရှိလိုက်နာရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာအခြေခံအသိအမြင်များရရှိနိုင်ရေးအတွက် ဆရာ၊ ဆရာမများမှ သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူကာ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာခံယူကျင့်သုံးနိုင်ရေးအတွက် ဆရာ၊ ဆရာမများက နည်းပေးလမ်းညွှန်သင်ကြား ဆုံးမပေးရမည်ဖြစ်ကြောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များနေဖြင့် အနာဂတ်ကာလတွင် ကောင်းမွန်သည့်အတွေးအခေါ်များ ရှင်သန်ပေါက်ဖွားလာစေရေး၊ ဗလငါးတန်နှင့်ပြည့်ဝသော လူသားအရင်းအမြစ်များပေါ်ထွန်းလာစေရေး၊ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုနှင့် ပင်ကိုယ်အရည်အသွေး စွမ်းရည်များပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များတိုးတက်ရှင်သန် အားကောင်းနေစေရေးအတွက် ဥပဒေအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သောလူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း သင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနဲ့ တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းကာ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ကို နိုဝင်ဘာလ(၄)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၁၀)ရက်ကြာ သင်တန်းပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)