ညောင်လေးပင် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ချောင်းရင်း အခြေခံပညာအထက်တန်း ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းရင်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဦးဆောင်ဆွေးနွေးကာGrade(11)မှ မစုပိုပိုဦးက လူငယ်တွေအပေါ် စာပေတွေ ဘယ်လောက်ထိ လွှမ်းမိုးသင့်သလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)မှ မအိပိုပိုထွေးက မိတ်ဆွေစစ်ရှိခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(12)မှ မသီရိဇော်က ဘာဘဲလုပ်လုပ်အရင်စဥ်းစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)မှ မအိသော်သော်သိမ့်က ကျန်းမာရေးအသိပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(12)မှ မောင်ရဲဇော်ထွေးက တစိမ့်စိမ့်တွေးနေမယ် ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၂၅၅)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)