ကျုံပျော် နိုဝင်ဘာ ၁၂
(၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော် ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆေးကုသပေးခြင်းကို ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယဆေးရုံအုပ် ဒေါ်မိုးကြည်ခိုင်က ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေး၏ အဓိပ္ပါယ် ၊ ပါးစပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ အစာအိမ် စသည်တို့တွင် ဖြစ်ပွားတတ်သော ရောဂါများ၊ ဆီးပူ၊ ဆီးအောင့်၊ ခြေသည်း၊ လက်သည်းနာ၊ ယားနာပေါက်ခြင်း၊ အပါအဝင် ခန္တာကိုယ်တွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် တိုင်းရင်းဆေးဖြင့် ပျောက်ကင်းအောင် ကာကွယ်ကုသနိုင်ပုံတို့ကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများက မိမိပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော ရောဂါများနှင့် ကာကွယ်ကုသနိုင်ပုံများအား မေးမြန်းရာ ဒုတိယဆေးရုံအုပ်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး၊ ကွင်းဆင်းဆေးကုသရေး အဖွဲ့က ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)