ငဖဲမြို့နယ် ရင်းရှည်ကျေးရွာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်

ငဖဲ နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရင်းရှည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှလှစမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုအခြေအနေများ၊ လူငယ်နှင့်ဗလငါးတန်အခြေခံဆိုင်ရာ သိကောင်းစရာများ၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)