ဟင်္သာတမြို့နယ်၌ မီးခိုး၊ မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဟင်္သာတခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော မီးခိုး၊မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ "ဟင်္သာ" ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲအခမ်းအနားတွင် ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်က မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ သစ်တောသစ်ပင်များနှင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဥ်အခြေအနေများ၊ မျိုးဆက်သစ်လူငယ်များ လိုက်နာဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီးနောက် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်ဦးမှ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများအကြောင်း၊ သစ်တောများပြုန်းတီးမှု၏ ဆိုးကျိုးများကို ရှင်းလင်းတင်ပြခဲ့ပြီး  ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များ စည်းကမ်းမဲ့ခုတ်ယူခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများ၊ ပတ်ဝန်းကျင်ရေး ရာကျင့်ဝတ်များနှင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)