ချောက် နိုဝင်ဘာ ၁၂
စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အုံမြှားကြီးကျေးရွာရှိ မင်းရာဇာစာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။
ဦးစွာ စာကြည့်တိုက် အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရနှင့်ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသား စာကြည့်တိုက်များအတွက် ပရိဘောဂ အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသ စာအုပ်စာပေ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချ ပြီးစာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ် ဆောင်ရွက်ရေး၊ ပရိဘောဂ စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှု မရှိစေရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး ပူပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်များအား ချောက်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းကလည်းကောင်း၊ စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က ပေးအပ်ရာ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ပြီး စာကြည့်တိုက် ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦး နေဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ မင်းရာဇာစာကြည့်တိုက်အဆောက်အအုံသစ်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ်သိန်း (၁၅၀) ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံသစ် (၂၁) တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက် အပါအဝင် စုစုပေါင်း စာကြည့်တိုက် (၈) တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်)