တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များ ရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက်ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများက အလေးထားဆောင်ရွက်သွားကြရန်လိုပါကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများမှတဆင့် စာကြည့်တိုက်အချင်းချင်း ရင်းနှီးမှုများ ရရှိစေကာ စာကြည့်တိုက် ရေရှည်ရှင်သန်ရေး ဆောင်ရွက်မှုများအား ဖလှယ်ခွင့်ရရှိစေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးရေး ဆွေးနွေးပွဲကိုကျင်းပရာ စာကြည့်တိုက်မှာ စာအုပ်၊ စာစောင်များ တိုးပွားလာအောင် ဘယ်လိုနည်းလမ်းများဖြင့် ဆောင်ရွက်မလဲ၊ ကျောင်းစာကြည့်တိုက်တွေကို ကျောင်းသား/ သူများ အသုံးပြုလာအောင် ဘယ်လိုစီမံ ဆောင်ရွက်မလဲ၊ စာကြည့်တိုက်ကို လူကြီး၊ လူငယ်၊ ကလေးအားလုံးလာရောက်အောင် ဘယ်လိုနည်းလမ်းတွေဆောက်ရွက်မလဲ၊ စာကြည့်တိုက်များ အချင်းချင်းစာအုပ်များ အပြန်အလှန်ငှါးယူရင် ဘယ်လိုမူဝါဒများ ချမှတ်သင့်လဲ၊ စာကြည့်တိုက် အထူးသုံးစွဲသူများအတွက် ဝန်ဆောင်မှုများ ဘယ်လို  ဖန်တီးမလဲ စသည့် ခေါင်းစဥ်များကို အုပ်စု(၄)ခုခွဲ၍ ဆွေးနွေးပွဲကို စတင်ခဲ့ရာ တက်ရောက်လာသည့် စာကြည့်တိုက်မှူးများ၊ လက်ထောက်စာကြည့်တိုက်မှူးများက မိမိတို့ အတွေးအမြင်များနှင့် လုပ်ဆောင်လျက်ရှိသည့် အတွေ့အကြုံများ၊ အကြုံပြုချက်များကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲသို့ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ လက်ထောက်စာကြည့်တိုက်မှူးများ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)