နတ်မောက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနှမ်းလျင်သီးနှံများကို တောင်သူများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် နှမ်းလျင်၊ မြေပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါများကို အဓိကထား၍ စိုက်ပျိုးခဲ့ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိုးဦးကာလ စိုက်ပျိုးထားရှိသည့် သီးနှံများ ရိတ်သိမ်းပြီးပါက ဆောင်းနှမ်း၊ ဆောင်းမြေပဲ၊ နေကြာသီးနှံနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါများ စိုက်ပျိုးရန် ထယ်ရေးပြုပြင်ဆောင်ရွက်ကြကြောင်း၊ ဆောင်းနှမ်းစိုက်ပျိုးရာတွင် ချုံကျော်၊ ခွေးလေးနီ၊ နှမ်းနက်မျိုးများ စိုက်ပျိုးကြပြီး တောင်သူအများစုအနေဖြင့် ချုံကျော် (နှမ်းအဖြူ) မျိုးကိုသာ စိုက်ပျိုးကြကြောင်း၊ ဆောင်းနှမ်းသည် မိုးဦးနှမ်းကဲ့သို့ ပေါင်းမြက်ရှင်းလင်းခကုန်ကျမှု သက်သာခြင်း၊ ပိုးမွှားရောဂါအန္တရာယ်အတွက် ပိုးသတ်ဆေးမဖြန်းရခြင်း၊ မိုးရွာရန် မျှော်လင့်စရာ မလိုသဖြင့် အလေးထားစိုက်ပျိုးကြခြင်းဖြစ်ကြောင်း ကြူအိုင်ကျေးရွာက ကိုအောင်မိုးဝင်းက ပြောသည်။
နတ်မောက်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆောင်းနှမ်းလျင်သီးနှံများကို စက်တင်ဘာလ (၂၀) ရက်နောက်ပိုင်းမှ စတင်စိုက်ပျိုးခဲ့ရာ စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်း၊ နွားရှဉ်းဖြင့်မှုန်းခြင်း၊ ဂျောင်းဖော် ခြင်းများဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဆောင်းနှမ်းလျင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။